Sunday, January 20, 2008

ပေါင်းရခက်သူများနှင့် အဆင်ပြေနည်း(၁)

လူ့ကန့်လန့်၊ လူ့ဂွစာ၊ ကပ်တီးကပ်ဖဲ့နိုင်သူများနှင့်လူမှုစီးပွားနယ်ပယ်အသီးသီးတွင် ဆက်ဆံရလျှင် မိမိကလိုက်လျောညီထွေပြုမူ တတ်ပါက လူအများနှင့် အဆင်ပြေစွာဆက်ဆံနိုင်ပြီး အဆိုပါပေါင်သင်းရခက်သူများကိုပင် စည်းရုံးခေါင်းဆောင်နိုင်မည်ဖြစ်သည်။
အတ္တဆန်သူ၊ သူ့ကိုယ်သူကလွဲရင် တစ်ပါးသူရဲ့ခံစားချက်ကို အလေးမထားသူ၊ သဘောထားကို စိတ်မ၀င်စားသူသည် လူအများကြားတွင် သူ့ကိုယ်သူအမွှန်းတငိကာကျန်လူများကို အထင်သေးပုတ်ခတ်ပြောဆိုတတ်သည်။
ထိုသူများနှင့် ဆက်ဆံရေးအဆင်ပြေဖို့ရာမှာ ပထမဆုံးရက်ချိန်းတောင်းပါ။
-ကိုယ်ဟာသူ့အပေါ် အမြင်ကြည်လင်ကြောင်းပြပါ။
-ဘာကြောင့် ကိုယ်အကြောင်းမကောင်းပြောရတယ်ဆိုတာ ဖွင့်မေးပါ။ အတ္တကြီးသူဖြစ်တဲ့အတွက် သူ့အတ္တကိုမထိအောင် ရှောင် ပြောပါ။
-ဒီလိုပြောတာဟာ ကိုယ့်အတွက်ကိစ္စမရှိသော်လည်း အခြားသူများအနေဖြင့်မူ မကောင်းကြောင်း၊ သည်းခံလိမ့်မည်မဟုတ် ကြောင်း၊ ထိုအကျင့်ကိုပြင်သင့်ကြောင်း၊ မိမိကလည်း ကူညီပေးမည်ဖြစ်ကြောင်း နားဝင်အောင်ပြောကြားပါက ၎င်းအပေါ်မိမိ၏ စေတနာစိတ်၊ ခွင့်လွှတ်သည်းခံစိတ် ကိုနားလည်သဘောပေါက်ကာ အဆင်ပြေစွာ ၎င်းအားစည်းရုံးပြောဆိုနိုင်ပါသည်။



Powered by ScribeFire.

Tuesday, January 15, 2008

စိတ်ကျရောဂါတကယ်ဖြစ်နေပြီလား?

အောက်ပါအချက်များအနက် (၃) ခု နှင့်အထက် ဖြစ်နေလျှင် စိတ်ကျရောဂါခံစားနေရသည် ဟုဆိုနိုင်ပြီး နှစ်လ။ သုံးလအတွင်းမပျောကါလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပေသည်။
၁ - မနက်စောစောအိပ်ရာမှထဖို့ အခက်အခဲဖြစ်နေခြင်း
၂ - တစ်ခုခုတွင်အာရုံစိုက်မရဖြစ်နေခြင်း
၃ - မကြာသေးခင်က မိမိ အလေးထားသောမိသားစု၊ သူငယ်ချင်းတစ်ဦးဦး ဆုံးရှုံးထားခြင်း
၎ - ပုံမှန်စိတ်ဝင်စားသောကိစ္စများကိုပင် လုပ်ကိုင်ပတ်သက်ချင်စိတ်မရှိတော့ခြင်း
၅ - အစာစားချင်စိတ်မရှိခြင်း
၆ - အချိုစားချင်စိတ် ဆန္ဒဟာ အတော်ချင်တပ်၊ အငမ်းမရဖြစ်နေခြင်း
ရ - အကြောင်းမယ်မယ်ရရမရှိဘဲ မျက်ရည်လွယ်တတ်ခြင်း
၈ - ဘ၀မှာ နေပျော်စရာမရှိပါဘူး၊ ကိုယ်ရှိနေလို့လည်း အကြောင်းမထူးပါဘူး ဟုစဉ်းစားမိခြင်း တို့ဖြစ်သည်။
Source:Faces Magazine

Powered by ScribeFire.

Thursday, January 3, 2008

စိတ်ကျရောဂါနှင့် အချက်ပြရောဂါလက္ခဏာများ

နောင်လာမည့် အနှစ် ၂၀ ကာလအတွင်း စိတ်ကျရောဂါမှာ အနောက်နိုင်ငံများတွင် ဒုတိယအဖိစီးဆုံးရောဂါဖြစ်လာပေလိမ့်မည်ဟု ဟားဗတ် လူထုကျန်းမာရေးပညာတက္ကသိုလ်က ဟောကိန်းထုတ်ခဲ့သည်။ ယခုပင်လျှင် ၂၀ % မျှသော သြစတြေးလျလူကြီးများသည် သူတို့ဘ၀၌ တစ်ချိန် မဟုတ်တစ်ချိန်ဆိုသလို စိတ်ကျရောဂါခံစားရလိမ့်မည်ဖြစ်ပြီး ယင်းအနက် သုံးပုံတစ်ပုံမှာ အမျိုးသမီးများဖြစ်လိမ့်မည်ဖြစ်သည်။ စိတ်ကျဝေဒနာသည်များအနက် တစ်ဝက်သာလျှင် ကုသမှုအကူအညီတောင်းခံလိမ့်မည် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အာဘော်အရ ဤမသိမသာစိမ့်ဝင် ကူးစက်တတ်သောရောဂါ၏ လက္ခဏာများမှာ-
- နှစ်ပတ်ကြာသည့်တိုင် ဘယ်လိုမှ ဖျောက်ဖျက်မရနိုင်သော ၀မ်းနည်းမှု
- ဘာမှလုပ်လိုကိုင်လိုစိတ် မရှိခြင်းနှင့်အတူ စိတ်ဝင်စားမှုမဲ့ခြင်း
- ယုံကြည်စိတ်ချမှုဆုံးရှုံးခြင်း
- အပြစ်စွဲစိတ်ခံစားချက်များ
- မရဏအတွေးများ
- အာရုံစူးစိုက်မှုပျက်စီးခြင်း
- အိပ်မပျော်ဖြစ်ခြင်း
- ခံတွင်းပျက်ခြင်း တို့ဖြစ်သည်။
Source : Digaryu Magazine

Powered by ScribeFire.

Wednesday, January 2, 2008

စိတ်တွက်သင်္ချာမှာ လူ နဲ့ မျောက် တန်းတူညီ

နှုတ်အားဖြင့် မဟုတ်ဘဲ စိတ်နှင့်ဆိုင်သည့် တွက်ချက်မှုများကို ဆောင်ရွက်ရာတွင် မျောက်များသည် ကောလိပါကျောင်းသားများ နည်းတူ ဆောင်ရွက်နိုင်ကြောင်း အမေရိကန်သုတေသီများက ၎င်းတို့၏လေ့လာတွေ့ရှိချက်များအရ ကိုးကားပြောကြားခဲ့သည်။

ဒျူစ့်တက္ကသိုလ်မှ သုတေသီ၏အဆိုနှင့် ယခုလစောစောပိုင်း ဂျပန်သုတေသီများ၏ လေ့လာတွေ့ရှိချက်များအရ မှတ်ဥာဏ်နှင့်ဆိုင် သည့် ကစားနည်းများတွင် ချင်ပန်ဇီမျောက်များ၏နားသည့် အရွယ်ရောက်သူလူသားများထက်ပို၍ သာလွန်အောင်ဆောင်ရွက်နိုင် သည်ဟုဆိုသည်။

စောစောပိုင်းလေ့လာတွေ့ရှိမှုများအရ လူဝံနှင့် မျောက်တို့သည် အရာဝတ္ထုတော်တော်များများ၏ လိုက်ဖက်မှု၊ နှိုင်းယှဉ်မှုများကို ပြုလုပ်နိုင်သည်ဟုဆိုသည်။ "တွေ့ရှိချက်အပေါ်မူတည်ပြီး တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်များကိုချမှတ်နိုင်တာဟာ မျောက်များရဲ့ သင်္ချာနှင့်ပတ်သက်တဲ့ တွက်ချက်မြော်မြင်တတ်မှုပင်ကိုဥာဏ်ပေါ် အခြေခံတယ်"ဟု ဒျူစ့်တက္ကသိုလ် သိပံ္ပဌာနမှ သုတေသီ ဂျက်ဆီကာကန်(တ)လွန်က သိပ္ပံဂျာနယ်ပလော့(စ)ဘိုင်အိုလိုဂျီထဲတွင် သူမ၏အမြင်ကို ဖော်ပြထားသည်။

"လူတွေဆီကဝေါဟာရတွေကို ထုတ်ဖတ်ကြည့်ပါလား၊ သူတို့လည်းမျောက်တွေလိုဘဲ လုပ်ဆောင်ကြပြီး သူတို့ရဲ့အချိန်တွေကို ကုန်လွန်စေရမှာဘဲဟု သူမကတယ်လီဖုန်းဖြင့် မေးမြန်းခန်းတွင်ပြောကြားခဲ့သည်။

သူမ၏လေ့လာမှုကို အကောင်အထည်ဖော်သည့် သဘောဖြင့် ဘောက်ဆာနှင့် ဖိန်းစတိန်းအမည်ရ မျောက်မနှစ်ကောင်ပါသည့် သင်္ချာအဖွဲ့နှင့် ဒျူစ့်တက္ကသိုလ်မှ ကျောင်းသား ၁၄ ဦးတို့၏ ယှဉ်ပြိုင်မှုကို သူမက ပြုလုပ်ခဲ့သည်။
Source: The Flower News


Powered by ScribeFire.

Tuesday, January 1, 2008

KNOWLEDGE

There is no " Queen of the Knowledge "
In the knowledge society.
All knowledges are equally valuable.
All these knowledges lead
toward the universal truth.

Peter F. Drucker

ပညာအသိုက်အ၀န်းတွင်
မည်သည့်ပညာမျှ သရဖူမရတော့ပါ၊
ပညာရပ်များ အားလုံးတန်ဖိုးရှိကြသည်သာဖြစ်သည်၊
အဆိုပါပညာအားလုံး၏ လားရာမှာ-
လောကလုံးဆိုင်ရာအမှန်တရားပင်ဖြစ်သည်။

Powered by ScribeFire.

Powered by ScribeFire.

Tuesday, December 18, 2007

မမြင်နိုင်တဲ့အရှုံး

ညအမှောင် လရောင်အောက်မှာ
ကလေးတစ်ယောက် ငိုနေတယ်
လရောင်ရဲ့ လှပအေးမြမှုကို
ခိုးကြောင်ခိုးဝှက် ကြည့်နေရတဲ့ဘဝ
သွားစမ်းပါ မလိုချင်ဘူး။
မွေ့ယာထူထူထက်က
ဆူးကြမ်းည အိမ်မက်တွေ
သွားစမ်းပါ မမက်ပါရစေနဲ့
တောင့်တတိုင်းသာဖြစ်မယ်ဆိုရင်
ဘာကိုမှ မတပ်မက်ချင်ဘူး။
ရင်မောရတဲ့
ငိုကြွေးခြင်းတွေ ရပ်တန့်စေချင်တယ်။



Powered by ScribeFire.

Friday, December 14, 2007

ပျက်စီးခြင်းဖြစ်ကြောင်းအကျင့်များ

ယဉ်ကျေးသောလူ့အဖွဲ့အစည်းတိုင်း၌ လက်ခံကျင့်သုံးကြသောကျင့်ဝတ်များရှိကြသည်။ ကျင့်ဝတ်ဆိုသည် လူလူ ချင်း ပေါင်းသင်းဆက်ဆံရာ၌ ကျင့်သုံးသင့်၊ လိုက်နာသင့်သောစည်းကမ်းများ ဖြစ်သည်။ ယင်းကျင့်ဝတ်တို့သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လူမှုကိစ္စအ၀၀တွင် ကျင့်သုံးအပ်သောစရဏတရားများပင် ဖြစ်သညိ။ စရဏတရားဟူသည် မှန်ကန်သော၊ ကောင်းသောအလုပ်ကိုသာ လုပ်ဆောင်တတ်သော စာရိတ္တ၊ ကိုယ်ကျင့် တရားများပင်ဖြစ်သည်။ လောကီအလိမ္မာနှင့် ပစ္စုပ္ပန်ကြီးပွားရေးကို အလိုရှိသောလူသားတိုင်းသည် ဘ၀ပျက်စီး ဆုတ်ယုတ်ကြောင်းတရားတို့ကိုလည်း သိရှိထားသင့်ပါသည်။

ကျင့်ဝတ်များကို ပြစ်ပယ်၍ စာရိတ္တဖောက်ပြန်မှုများကို ပြုကျင့်လာကြသည်နှင့်အမျှ အခြေခံယဉ်ကျေးမှုတို့ ပျက်စီးကာ လူ့အဖွဲ့အစည်း ပျက်ယွင်းသွားနိုင်သည်။ ထို့အတွက် လောကလူသားတိုင်း လိုက်နာကျင့်သုံးသင့် သည့်အခြေခံကျင့်ဝတ်နီတိများကို ပညာရှင်များစွာတို့က ရေးသားဖော်ပြခဲ့ကြသည်။ ကျွန်ုပ်တို့၏ ရှင်တော် မြတ်ဘုရားကလည်း လောကီကြောင်းဆိုင်ရာနီတိများကို ဒေသနာများစွာ ဟောကြားခဲ့သည်။ ဒေသနာများစွာမှ ပရာဘ၀သုတ်လာ ပျက်စီးခြင်းဖြစ်ကြောင်းတရား (၂၀) ကိုသိရှိ၍ ဆင်ခြင်ရှောင်ရှားကာ ပျက်စီးခြင်းဘေး မှကင်းဝေးနိုင်ကြပါစေ။

ပရာဘ၀(၁) - တရားကိုလိုလားတောင့်တသူသည် ကြီးပွားရ၏။
တရားကိုမလိုလားမတောင့်တသူသည် ပျက်စီးရ၏။
တရားဆိုသည်မှာ ပညာရှိသူတော်ကောင်းများ ထုတ်ဖော်ညွှန်ပြ ကျင့်သုံးကြသည့် အကျင့်လမ်းမှန်ဖြစ်သည်။ တရားကိုလိုလားသူသည် ကိုယ်ချင်းစာတရားထား၍ မိမိမနှစ်သက်သောအမှုကို သူတစ်ပါးအားမပြုခြင်း၊ ကိုယ် နှင့်ယှဉ်၍ မေတ္တာထား ခြင်းပင်ဖြစ်သည်။ လွယ်ကူစွာပြောရလျှင် ငါးပါးသီလကို စောင့်ထိန်းဖြည့်ကျင့်လျက် သူတစ်ပါးတို့အား ပျက်စီးအောင်ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းစွာဆဲဆိုခြင်း၊ အပြောင်အပျက် သူတစ်ပါးဆင်းရဲ အောင်ပြောဆိုခြင်းတို့မှရှောင်ကြဉ်ခြင်းဖြင့် တရားနှင့်အညီ နေထိုင်သူသည် လူအများ၏ ကြည်ညိုလေးစား ခံရပြီး ကြီးပွားတိုးတက်နိုင်ပေသည်။ တရားကိုမနှစ်သက်သူတို့မှာ ဆန့်ကျင်ဘက်အဖြစ် မကြီးပွားနိုင်သည့် အပြင် ပျက်စီးဆုတ်ယုတ်စေနိုင်ပါသည်။

ပရာဘ၀(၂) - လူမိုက်ကို ချစ်ခင်ပေါင်းသင်းခြင်းသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်သည်။
အကြောင်းအကျိုး၊ အကောင်းအဆိုးကို မခွဲခြားတတ်သူကို လူမိုက်ဟုခေါ်သည်။ လူမိုက်သည် မိမိသူတစ်ပါး အကျိုးမရှိအောင်၊ မငြမ်းချမ်းအောင်၊ ဆင်းရဲအောင်ပြုတတ်သည်။ ထိုသို့သောလူမိုက်များနှင့် ပေါင်းသင်း ဆက်ဆံခြင်းသည် မိမိကိုယ်တိုင်ပင်" တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး " ဆိုသကဲ့သို့ မကောင်းမှုကို နှစ်သက် စေမိ၊ ပြုမိတတ်စေသည်။ ထို့ကြောင့် မပေါင်းသင်းအပ်ပေ။

ပရာဘ၀(၃) - ပညာရှိသူတော်ကောင်း၌ ချစ်ခင်မြတ်နိုးခြင်းမရှိသူသည် ပျက်စီးခြင်း၏ အကြောင်းဖြစ်သည်။
လူတို့၏စိတ်သဘောသည် မကောင်းမှု၌ ပျော်မွေ့တတ်ကြရာ အချို့သူများသည် သူတော်ကောင်းကို မကောင်း ထင်၍ မသူတော်ကိုပင် အကောင်းထင်တတ်ကြသည်။ အမှန်ဟောပြောဆုံးမသူကို အပြစ်မြင်တတ်ကြသည်။ ပညာရှိသူတော်ကောင်းတို့သည် ပိန္နဲသီးကဲ့သို့အပြင်ပန်း အမြင်မလှသော်လည်း အတွင်းသဘောမှာ မွှေးပျံ့ ချိုမြိန်နေပေသည်။ သို့ဖြစ်ရာ ပညာရှိသူတော်ကောင်းတို့၏ ကောင်းစေချင်သောဆန္ဒဖြင့် ဆိုဆုံးမှုများကို အဆိုး မမြင်ဘဲ နှစ်သက်လက်ခံကြရပေမည်။

ပရာဘ၀(၄) - သူယုတ်သူမိုက်တို့၏စကားကို နှစ်သက်သူသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
ကိုယ်ကျင့်တရားမည်မျှပင်ပျက်စီးစေကာမူ " ငွေများတရားနိုင် " ဆိုသော ဒုစရိုက်လွှမ်းမိုးချိန်တွင် သူယုတ် သူမိုက်တို့သည် မိမိကိုယ်ကျိုးရှိမည်ဆိုပါက မပြောဝံ့မဆိုဝံ့သောစကားမရှိ၊ စကားသံချိုချိုနှင့် မာယာပိုတတ် ကြသည်။ ထိုကြောင့် သူယုတ်သူမိုက်တို့၏စကားကို နှစ်လိုနားယောင်မိလျှင် ၎င်းတို့၏ လှည့်စားကောက်ကျစ် မှုကိုခံရ၍ ပျက်စီ်းကြရသည်။

ပရာဘ၀(၅) - အအိပ်စုံမက်ခြင်းသည် ပျက်စီးခြင်း၏အကြောင်းဖြစ်၏။
စောစောအိပ်ထပြုကျင့်ခြင်းသည် ကျန်းမာကြောင်း၊ အလုပ်ပြီးစီးကြောင်းဖြစ်သည်။ အအိပ်စုံမက်သူသည် အကျိုးမဲ့အိပ်ခြင်းဖြင့် အရေးကြီးသော၊ ပြီးစီးသင့်သောကိစ္စများမပြီးခြင်း၊ နှောင့်နှေးခြင်းများကြောင့် စီးပွားဥစ္စာ များဆုံးရှုံးတတ်သည်။

ပရာဘ၀(၆) - ပွဲလမ်းသဘင်လိုက်စားခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
ပွဲလမ်းသဘင်လိုက်စားသူသည်-
၁- အရာရာတွင် ပေါ့လျော့၍ အချိန်ကိုအချည်းနှီးကုန်စေခြင်း
၂- ဆောင်ရွက်ရမည့်လုပ်ငန်းများလစ်ဟင်း၍ ရသင့်သည့်အကျိုးမရခြင်း
၃- ရှိပြီးသားပစ္စည်းများကုန်ဆုံးခြင်း
၎- မကောင်းသောသူတို့နှင့် ပေါင်းမိ၍ မကောင်းသော အလေ့များလိုက်စားမိခြင်း
၅- ပျော်ပွဲရှိစဉ်စိတ်ရှိ၍ သွေးသားမညီညွတ်သည်ကို သတိမရခြင်း
၆-ပျော်ပွဲပြီးသောအခါ စိတ်နှလုံးမချမ်းမြေ့ကာ ရောဂါများ၏နှိပ်စက်မှုကိုခံရခြင်း စသည့်အကျိုးဆုတ်ယုတ်မှုများ ဖြစ်နိုင် လေသည်။

ပရာဘ၀(၇) - ထကြွလုံ့လ ၀ီရိယမရှိခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
လုံ့လရှေ့ထားကြိုးစားသူသည် ကြံစည်ဆောင်ရွက်သမျှ အောင်မြင်နိုင်ပေသည်။ ၀ီရိယနည်းပါးကာ မကြိုးစား ချင်သူမှာ သူ တစ်ပါး၏နောက်တွင်သာကျန်ရစ်ကာ မကြီးပွားနိုင်ပေ။ ထို့ကြောင့် ကြီးပွားလိုသူသည် လုံ့လ၀ီရိယ ရှေ့ထားကာ ကြိုးစားကြရပေ မည်။

ပရာဘ၀(၈) - ပျင်းရိထိုင်းမှိုင်းခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
ပျင်းရိသူသည် အတတ်ပညာကို သင်ကြားရယူနိုင်ခြင်းမရှိ၊ အတတ်ပညာမရှိသူသည် ဥစ္စာဓနလည်းမရရှိနိုင်။ အတတ်ပညာ၊ ဥစ္စာဓနမရှိသူသည် အဆွေခင်ပွန်းလည်းမရှိဖြစ်ရကာ ဘ၀အညွှန့်တုံး၍ လာဘ်လာဘများ ဆုံးရှုံးပျက်စီးခြင်းသို့ရောက်နိုင်သည်။

ပရာဘ၀(၉) - အမျက်ဒေါသတံခွန်ထောင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
ဒေါသကြီးမား မေတ္တာဓာတ်နည်းပါးသူသည် ဒေါသဓာတ်၏လောင်မြိုက်မှုကြောင့် စိတ်နှလုံးအေးချမ်းမှုကို မရပေ။ မိမိပတ်ဝန်း ကျင်ရှိသူများကိုလည်း ကူးစက်လောင်မြိုက်တတ်ပေသည်။ လတ်တလောအနေဖြင့် ဒေါသကြောင့် မျက်နှာမှာလည်း ကြည်လင်ခြင်းမရှိ၊ ရုပ်ဆင်းမှာ ကြည့်မကောင်းသောအသွင်သို့ ပြောင်းလဲသွား သည်။ ဒေါသသည် လူမုန်းများစေသော၊ ရိုင်းစိုင်းစေသောတရားဖြစ်ရာ သတိပြုရှောင်ရှားသင့်ပေသည်။

ပရာဘ၀(၁၀)- အရွယ်လွန်၍ အိုမင်းသောမိဘနှစ်ပါးကို ကျွေးမွေးပြုစုနိုင်စွမ်းရှိပါလျက် မပြုစုမလုပ်ကျွေးခြင်း သည် ပျက်စီးခြင်း ၏ အကြောင်းပင်ဖြစ်သည်။
မိဘတို့သည် ကျွေးမွေးပညာပေးသည့်အပြင် ပစ္စည်းဥစ္စာအမွေကိုလည်းပေးတတ်ကြသော အနန္တကျေးဇူးရှင် များဖြစ်ရာ ထိုမျှလောက်ကျေးဇူးကြီးသူတို့ အပေါ်ကျေးဇူးမသိ၊ ကျေးဇူးကန်းလျှင် မျက်မှောက်သံသရာတွင် ပျက်စီးဆုံးရှုံးနိုင်သည်။

ပရာဘ၀(၁၁) - ရဟန္တာ၊ ရဟန်း၊ သာမဏေများနှင့် ဖုန်းတောင်ယာစကာတို့အား မဟုတ်မမှန်ပြောကြား၍ လိမ်လည်ခြင်း သည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
ဤသည်မှာ ရဟန်းသံဃာမှစ၍ သူတောင်းစားအထိ အလှူခံပုဂ္ဂိုလ်တို့အား လိမ်လည်ခြင်းမပြုဘဲလှူမည်ဟု ၀န်ခံ ထားလျှင် အမှန်တကယ်မလှူဒါန်းခြင်း သာသနာနှင့်ပတ်သက်သော ပစ္စည်းများကို အလွဲသုံးစားပြုခြင်းတို့ ကိုရှောင်ကြဉ်ရန် ဆိုလိုခြင်းဖြစ်သည်။

ပရာဘ၀(၁၂) - ပစ္စည်းဥစ္စာပေါများပါလျက် သူတစ်ပါးတို့အား ဝေငှမသုံးစွဲဘဲ တစ်ကိုယ်ကောင်းဆန်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
" ပေးကမ်းခြင်းသည် ချစ်ဆေးမည်၏ " ဆိုသည့်အတိုင်း အလှူဒါနပေးကမ်းစွန့်ကြဲခြင်းကိုပြုသူသည် ခြွေရံ ပေါင်းသင်းပေါများကာ စီးပွားအကြံအစည်များအောင်မြင်နိုင်သည်။ နှမြောဝန်တိုစိတ်ကြီးကာ တစ်ကိုယ်ကောင်း ဆန်ခြင်းသည် လူချစ်လူခင် နည်း၍ စီးပွားကိုဆုတ်ယုတ်စေမည်။

ပရာဘ၀(၁၃) - အမျိုးအနွယ်မာန်ဖြင့် ခက်ထန်ခြင်း၊ ပစ္စည်းမာန်ဖြင့်ခက်ထန်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
လူသည် ပုထုဇဉ်သဘာဝမိုက်မဲတတ်သောကြောင့် အခြေလှလျှင်မာန်မာနတက်တတ်ကြသည်။ မာနသည် မိမိကိုယ်မိမိ ပင့်မြှောက်၍ အထင်ကြီးစေတတ်သည်။ မာန်မာနကြီးသူသည် မိမိကိုယ်ကို အထင်ကြီးစိတ်ဖြင့် သူတစ်ပါးတို့အား အထင်သေးနှိမ့်ချဆက်ဆံတတ်ရာ လူအများ၏အမြင်ကတ်ခြင်းခံရတတ်သည်။ မာန်မာန သည် လောက၏မုန်းဆေးကြီးအစစ်ဖြစ်သည်။

ပရာဘ၀(၁၄) - မိန်းမလိုက်စားလွန်ကျူးခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
ကာမဂုဏ်၌ လွန်စွာအလိုကြီးသူသည် ပစ္စုပ္ပန်တွင် လူအများ၏ ပြစ်တင်ငြိုငြင်ခြင်းကိုခံရရုံသာမက ၎င်းတို့ သည်-
၁- မကျန်းမာခြင်း
၂- အသက်တိုခြင်း
၃- မကြီးပွားခြင်း
၎- စိတ်သဘောထားသေးသိမ်ခြင်း
၅- ပညာဥာဏ်နုံနဲ့ခြင်း
၆- ဗဟုသုတနည်းပါးခြင်း
၇- မျိုးဆက်သုး၍ အမျိုးကိုမစောင့်ရှောက်နိုင်ခြင်း စသည့်အကျိုးဆုတ်ယုတ်ကြောင်းများဖြစ်နိုင်လေသည်။

ပရာဘ၀(၁၅) - ယစ်မျိုးလွန်ကြူးသောက်စားမူးယစ်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးမှီဝဲခြင်း၏ ဆိုးကျိုးများမှာ -
၁- စီးပွားဥစ္စာ ပျက်စီးခြင်း
၂- ငြင်းခုန် ခိုက်ရန်ဖြစ်ခြင်း
၃- ရောဂါများခြင်း
၎- နာမည်ဆိုးထွက်ခြင်း
၅- ရှက်ဖွယ် အင်္ဂါကြီးငယ်ဖော်ပြတတ်ခြင်း
၆- ပညာဥာဏ်အားနည်းခြင်း တို့ဖြစ်ရာ ရှောင်ရှားဆင်ခြင်သင့်ပေသည်။

ပရာဘ၀(၁၆) - လောင်းကစားကြူး၍ ရသမျှသောပစ္စည်းကို သုံးဖြုန်းခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
လောင်းကစားပြုသူသည် သူတစ်ပါးပစ္စည်းကို မတရားရလိုသူဖြစ်သည်။ လောင်းကစားခြင်းသည် အနိုင်ရ သောအခါ လောဘတက်၍ များစွာနိုင်လိုကာ ရှုံးသောအခါတွင်လည်း နိုင်အံ့နိုးနိုးဖြင့် လောင်းကစားသံသရာမှ မရုန်းထွက်နိုင်ဘဲ ပျက်စီးရတတ်သည်။

ပရာဘ၀(၁၇) - မိမိ၏ မယား၌ မတင်းတိမ်နိုင်ခြင်း၊ ပြည့်တန်ဆာမတို့၌ ပျော်ပါးခြင်း၊ သူတစ်ပါးမယားတို့၌ ပြစ်မှားကျူးလွန် ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
ပြည့်တန်ဆာမ၌ သွားလာဝင်ထွက်ပြုခြင်းကား
၁- ဂုဏ်ကျက်သရေဆုတ်ယုတ်ခြင်း
၂- ငွေကြေးဥစ္စာကုန်ခြင်း
၃- သေလောက်သော အနာရောဂါရခြင်းတို့ဖြစ်တတ်သည်။
` သူတစ်ပါးမယားကို ပြစ်မှားကျူးလွန်သော ပရဒါရကံ၏ ဆိုးကျိုးကား-
၁- အပါယ်ငရဲ၌ ကြာရှည်စွာဖြစ်ရပြီး မိန်းမဘ၀၌ ကြိမ်ဖန်များစွာဖြစ်ခြင်း
၂- ယောက်ျား မဟုတ်မိန်းမမဟုတ် နပုန်းပဏ္ဍုတ်ဘ၀ အဖန်ဖန်ဖြစ်ရခြင်း
၃- ကုဌနူနာစွဲခြင်း
၎- သက်တမ်းမစေ့ခင်သေခြင်း
၅- သူတစ်ပါးတို့၏ လုပ်ကြံသတ်ဖြတ်ခံရခြင်း တို့ဖြစ်တတ်သည်။

ပရာဘ၀(၁၈) - အရွယ်အိုသောယောက်ျားသည် အလွန်ငယ်သောမိန်းမပျိုနှင့် လက်ထပ်ခြင်းအတွက် ငြူစူစိုးရိမ်မငြိမ်မသက် နှင့်အိပ်စက်မပျော်နိုင်ခြင်းသည် ပျက်စီးခြင်း၏အကြောင်းပင်ဖြစ်သည်။
အရွယ်ကြီးသူတို့ မိမိထက်အလွန်ငယ်သူကို လိုချင်တပ်မက်မိလျှင်-
- ရတက်မအေး မအိပ်နိုင်၊မစားနိုင် တမှိုင်မှိုင်ရောဂါဝင်လာခြင်း
- လူအများတို့၏ ကဲ့ရဲ့တင်းဖျင်း လှောင်ရယ်ခံရခြင်း
- ငယ်ရွယ်သူမငြိုငြင်လေအောင် အလိုရှိသမျှဆောင်ကြဉ်းပေးရ၍ စိတ်ပင်ပန်းရခြင်း
- ထိုသို့မဆောင်နိုင်သော် ငြူစူခံရခြင်းတို့ဖြင့် အချိန်ရှိသရွေ့ စိတ်ဆင်းရဲရကာ ကြီးပွားရေး၊ စီးပွားရေးတို့ ဆုတ်ယုတ်ရတတ်ပေသည်။

ပရာဘ၀(၁၉) - အသောက်အစားအပျော်အပါးကြူးသူကို အကြီးအကဲခေါင်းဆောင်တင်မြှောက်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းပင်ဖြစ်သည်။
သမာသမတ်မရှိဘဲ အပျော်ကြိုက်၊ မူးယစ်တတ်သူသည် အရာရာတို့၌ စဉ်းစားဆင်ခြင်ဥာဏ်မရှိ၊ ဖရိုဖရဲဗရမ်းဗတာ ပြုတတ် ရာ ထိုသူမျိုးကို ခေါင်းဆောင်တင်မြှောက်ဆရာတင်မိခြင်းသည် အသင်းအဖွဲ့၏ ပျက်စီးကြောင်းပင်ဖြစ်လေသည်။

ပရာဘ၀(၂၀) - ပစ္စည်းဥစ္စာမရှိပါဘဲ အလိုကြီးသူ၊ ရာထူးဂုဏ်အားနည်းပါးပါလျက် မင်းအဖြစ်ကို တောင့်တသူသည် ပျက်စီးခြင်း ၏ အကြောင်းပင်ဖြစ်သည်။
လိုချင်မှုလောဘကိုအခြေခံ၍ မိမိနှင့်မတန်မရာကို တောင့်တသူမှာ အတောမသတ်လောဘ၊ မောဟ တို့၏နောက်ရင်း မငြိမ်းချမ်းနိုင်သောစိတ်ပင်ပန်းမှုများကို ခံစားရကာ မိမိနှင့်အမှန်တကယ်သင့်တော်သော ကြီးပွားရာလမ်းကြောင်းမှာ ပျောက်ကွယ် ပျက်စီးရပေသည်။

Powered by ScribeFire.